ဘားအံ ဖေဖော်ဝါရီ ၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့စိန်ဘန်(အောက်)ကျေးရွာအုပ်စု ကော့သာခေါင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက စိုက်ဧကပေါင်း ၂၈၀ ကျော်ကိုအကျိုးပြုနိုင်မည့် Box Culvert (၂)စင်းပါဝင်သော ၁၂ ပေအကျယ် ကုန်ထုတ်လမ်းသစ် ၁ မိုင် ၄ ဖာလုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန်၊ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကုန်ထုတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များမေးမြန်းဆွေးနွေးသည်။
ကော့သာခေါင်ကျေးရွာစိုက်ဧကများသည် မိုးရာသီတွင်ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များ အလွယ်တကူသယ်ပို့ နိုင်မှုမရှိခြင်းကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ထုတ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကော့သာခေါင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအနေဖြင့် ထုတ်ကုန်များသယ်ယူရာတွင် လျင်မြန်ချောမွေ့စွာသယ်ယူပို့ဆောင်နိုင်သည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)