ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း

ဘားအံ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁/၂၀၂၆)ကြိမ်မြောက်နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နောင်တက်လာမည့်အစိုးရသစ်ကိုစနစ်တကျလွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆုံးဖြတ်အတည်ပြုရမည့်လုပ်ငန်းများ၊ ဆောင်ရွက်ရန်ရှိသည့်အမှုတွဲများကို အပြီးအပြတ်ဆောင်ရွက်နိုင်ရေးဆွေးနွေးဆုံးဖြတ်သွားရန် ယခုအစည်းအဝေးကိုကျင်းပခြင်းဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစိစစ်ဖို့လိုပြီး မြေယာအငြင်းပွားမှုများ၊ မြေယာမှုခင်းများကို ခရိုင်/မြို့နယ်အဆင့်ဆင့်က လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ အမြန်ဆုံးအရေးယူဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးဦးဇော်မိုးအောင်က လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီဝင်များက လယ်ယာမြေစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး၊ မြေယာအငြင်းပွားမှုနှင့်မြေယာမှုခင်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)