သထုံ ဖေဖော်ဝါရီ ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် တမံကြီးရှိ သုခါရာမ(မွန်)ကျောင်း၌ ဖေဖော်ဝါရီလ ၂ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း၊ မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ရခိုင်၊ ဗမာ စသည့် တိုင်းရင်းသားများက မွန်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြသည်။
ယင်းနောက်အခမ်းအနားကိုကျင်းပရာ ဦးစွာသာသနာ့ရံသီမွန် ကျောင်းဆရာတော်ဘဒ္ဒန္တနန္ဒသာရထံမှ တက်ရောက်လာသူအပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီဦးအောင်ကြည်သိန်းထံမှ (၇၉)နှစ်မြောက် မွန်အမျိုးသားနေ့သို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမင်းတင်နွယ်က ဖတ်ကြားခြင်း၊ ဆရာတော်ကြီးများထံမှ တရားတော်များနာယူပြီး လှူဖွယ်များဆက်ကပ်ခြင်း ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ လှူဒါန်းမှုတို့အတွက် ရေစက်ချအနုမောဒနာတရား စုပေါင်းနာယူခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသူတစ်ဦးက မွန်ရိုးရာယဉ်ကျေးမှု တစ်ပင်တိုင်အကဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
သထုံမြို့နယ်တွင် မြို့နယ်အဆင့် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်တိုင်းရင်းသားအများစု နေထိုင်သည့်ကျေးရွာများ၌ အလှည့်ကျနှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယနေ့ပြုလုပ်သည့်အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကရင်၊ ပအိုဝ်း၊ ရခိုင်၊ ဗမာ၊ မွန် စသည့်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)