ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၃ ရပ်ကွက်အတွင်းရှိ လမ်းများ၌ အများပြည်သူ စေတနာ သဒ္ဒါတရားပေါင်းစပ်မှုဖြင့် လျှပ်စစ်မီးအလင်းဒါနဖြန့်ဝေလှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၃) ရပ်ကွက် အတွင်းရှိ လမ်းများ၌  အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ စေတနာရှင် အလှူရှင် ပြည်သူများ ၏ စေတနာ သဒ္ဒါတရား ပေါင်းစပ်မှုဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများ၌ လျှပ်စစ်မီးတိုင်များ ဖြင့် ပြည်သူများ အတွက် လျှပ်စစ်မီး အလင်းဒါန ဖြန့်ဝေ လှူဒါန်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိလမ်းများအတွင်း ညအချိန်ရပ်ကွက်နေ ပြည်သူများ သွားလာရာတွင် အလင်းရောင်ဖြင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်၊ ခိုးဆိုးလုယက် ဒုစရိုက်မှုများ ကင်းဝေးစေရန် ရည်ရွယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်မှ မတည်လှူဒါန်းကာ၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့အထိ လျှပ်စစ်မီးတိုင် (၂၂၀)တိုင်အား လှူဒါန်းဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက်အဆိုပါ လျှပ်စစ်မီး တိုင် (၂၂၀) အားအမှတ် ၁၃ ရပ်ကွက်အတွင်းရှိစိုက်ပျိုးရေး( ၁၊၂၊၃၊ ၄၊၅၊၆၊၇)လမ်းများ၊ ဗိုလ်လင်းယုန် လမ်း၊ မြေတိုင်း ( ၁၊ ၂ ၊ ၃၊ ၄၊ ၅)လမ်းများ၊ စိုက်/ မွေးလမ်း၊ စိုက်/ မွေး (၁)လမ်း၊ ဆည်တော်လမ်း၊ ဆည်တော်ပတ်လမ်း၊ ဆည်တော်( ၂၊ ၃)လမ်း၊ သစ်တော (၁၊၂၊ ၃) လမ်းများ၊ စက်မှုလယ်ယာ (၁၊ ၂) လမ်းများနှင့် ဆည်မြောင်း (၁၊၃၊၄)လမ်းများ စုစုပေါင်း လမ်းပေါင်း (၂၈)  လမ်းအား လျှပ်စစ်မီးတိုင်တစ်တိုင်လျှင် (၆၈,၀၀၀/-) ကျပ်ဖြင့် မီးတိုင်ပေါင်း (၂၂၀)တိုင် တန်ဖိုးငွေ ကျပ် (၁၄,၉၆၀,၀၀၀/-) အား ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရပြီး ကျန်ရှိလမ်းများအားလည်း လျှပ်စစ် မီးအလင်းရရှိရေး ဆက်လက်ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင် ထံမှသိရသည်။

လှလှထွေး(ပြန်/ဆက်)