မြဝတီ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ အခြေခံပညာမူလတန်း (မြန်မာနန်း)ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ၌ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လည်းကောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲ ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်း (မြန်မာနန်း)ကျောင်း၌ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူး သက်ဇော်ထွန်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုဝေဝေဖြိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှ န်ကြားရေးမှူး ဦးရန်နိုင်ထွန်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်စိုးတို့ က ကျောင်းသားလူငယ်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်များ၊ လူကုန်ကူးမှု ကင်းဝေးရေးဆိုင်ရာအချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအချက်များ၊ ဗလငါးတန်ပြည့်စုံပြီး လူတော်လူကောင်းဖြစ်ကြစေရန်နှင့် အသိပညာ ဗဟုသုတကြွယ်ဝစေရန် သိရှိလိုက်နာရမည့်အချက်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေ ပေးခဲ့ကြသည်။
အလားတူ သစ္စာမဂ္ဂင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁) ရဲအုပ်နိုင်ထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးရန်နိုင်ထွန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခိုင်ခိုင်စိုးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူတို့က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်အချက်များ၊ သိရှိလိုက်နာရမည့်အချက်များကို အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသားလူငယ်များက အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)