မင်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

မင်းလှ ဖေ‌ဖော်ဝါရီ ၅

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို သရက်တပင်ကျေးရွာအုပ်စု၊ အ.မ.က(ဂွေးတောက်ကုန်း)၌ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက  ကလေးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်  ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ/ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များ စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင်တို့ကို ပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ပေါက်စ(မင်းလှ)