ပေါင်းတည်မြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မျိုးစေ့ချကိရိယာများ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာ

ပေါင်းတည် ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ယခုနှစ်တွင် တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် နွေစပါးစိုက်ပျိုးရန် ဝဲကြီးရေလှောင်တမံမှ ဇန်နဝါရီ ၁၅ ရက်မှ စတင်စိုက်ပျိုးရေ ပေးဝေခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်စတင်ခဲ့ကြရာ ယခုအခါ တောင်သူအများစုသည် မျိုးစေ့ချကိရိယာ(Drum Seeder)များ အသုံးပြု၍ နွေစပါးများ စတင်စိုက်ပျိုး‌နေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စပါးစိုက်ပျိုးမြေ ၃၂၃ ဧကလျှင်  တစ်လက်နှုန်းဖြင့် မျိုးစေ့ချကိရိယာ စုစုပေါင်း ၂၂၅ လက်ကို ပေါင်းတည်မြို့နယ် တောင်သူများအား ထောက်ပံ့ပေးထားကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် မြို့နယ်အတွင်းစပါးစိုက်ပျိုးမှုအနေဖြင့် မိုးစပါး ၅၄၉၇၇ ဧက၊ နွေစပါး ၂၆၅၀၀ ဧက စုစုပေါင်း ၈၁၄၇၇ ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေသား(IPRD)