သဲကုန်းမြို့ အခြေခံပညာကျောင်းများတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ​နံရံကပ်စာ​စောင်ပြပွဲ​နှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သဲကုန်း  ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ​နှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (ဘရှင်း) နှင့် အခြေခံပညာမူလတန်းကျောင်း (လယ်ပေါ်) ​တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက  ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသော လူငယ်များဖြစ်စေရန်ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်၏ အရေးပါမှု၊ နိုင်ငံတော်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတ အကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်နော်ဌေးဌေးမြင့်က စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ စာအုပ်စာပေဖတ်ရှုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရည်မှန်းချက်/ ရည်ရွယ်ချက်ထားရှိရန်စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟော​​ပြောခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှလှူဒါန်းသော စာအုပ်ဖြင့် ပုံပြင်ပြောခြင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာ​စောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှု အန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။

ကိုကျော် (သဲကုန်း)