ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် (Mask Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်သမ္ဗန်ဆိပ်အနီးတွင် အကြောင်း အမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာသူများကို ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်း ဆိုင်ရာ အမူအကျင့် ကောင်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာစေရန် အသိပေး ပြောကြားပေး ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)