ဒိုက်ဦး ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာဖြင့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်မှုရှိခြင်း၊ ကောင်းမွန်သည့် ဈေးကွက်ရရှိနိုင်ခြင်း၊ တောင်သူတိုင်း တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချပေးနိုင်ခြင်းအပြင် အစားအစာဘေးကင်းလုံခြုံမှုရှိသဖြင့် တောင်သူတိုင်း သဘာဝရွက်ဖျန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်အပြတ် အသိပညာပေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်မှ ဒေသထွက်အစာဖြင့် ယူနန်ကြက်ကောင်ရေ (၁၀၀) စမ်းသပ်မွေးမြူနေမှုနှင့် ဒေသကြက်ကောင်ရေ (၃၀၀၀) မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းအသားစားသုံးမှုဖူလုံစေရေး၊ လူတိုင်းလိုအပ်သည့် အသားပမာဏအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒေသကြက်တိုးချဲ့မွေးမြူရန်နှင့် ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် တိရိစ္ဆာန်အစာကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် TBL စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆီထွက်သီးနှံနေကြာအား သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးဧကအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်းနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာအသုံးပြု၍ မြေပဲစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသနွားမှ ထုတ်ယူရရှိသည့် သဘာဝရွက်ဖျန်းမြေဩဇာအား စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်စပ်သည့်နည်းလမ်းများအတိုင်း စနစ်တကျ လိုက်နာသုံးစွဲပါက တောင်သူများ၏ မိသားစုဝင်ငွေများ တိုးတက်လာနိုင်မည်ဖြစ်၍ ဒေသနွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများ၊ မျိုးမြှင့်တင်သည့်လုပ်ငန်းစဉ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၅၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး (၃) သီးစိုက်နေရာများဖြစ်၍ နွေစပါးဒုတိယသီးနှံအတွက် ကြိုတင်ပျိုးထောင်ခြင်းများ ဆောင်ရွက်သွားရန်၊ တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါးများ တစ်ကွင်းတစ်ဆက်တည်း သီးခြားစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)