မြို့သစ် ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ် (၁၅၀)လုံးအတွက် အမိုးအကာများအား ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့၏ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများ ရွေးချယ်မှုနှင့် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ပြောကြား၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုထွေးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဦးစားပေးအလိုက် ရွေးချယ်ရမည့်အိမ်ခြေများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာနှင့် နတ်ရွာကျေးရွာတို့မှ အမိုး၊ အကာများ ပြင်ဆင်ရန်လိုအပ်သော အိမ်ခြေ (၁၅၀)လုံးအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ထရံနှင့် လိုအပ်သည်များ ဝယ်ယူအသုံးပြုရန်အတွက် လူနေအိမ်တစ်လုံးလျှင် ငွေကျပ် (၇၀၀၀၀/-) နှုန်းဖြင့် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)