ဇီးကုန်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု ထန်းရှစ်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ အတွင်ရေးမှူး ရဲမှူးကျော်မြင့်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လင်းသူ၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းအား ကြည့်ရှုကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ထန်းရှစ်ပင်ကျေးရွာ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် ၁၄ ဒသမ ၇ သန်းဖြင့် ကျေးရွာကော်မတီမှဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်ပြီး အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မ မြေနီကျောက်စရစ်လမ်းဖြစ်ပြီး ထန်းရှစ်ပင်ကျေးရွာရှိ အိမ်ခြေ (၈၉) အိမ်၊ အိမ်ထောင်စု (၈၉) စုမှ လူဦးရေ (၃၄၅)ဦးနှင့် အခြားကျေးရွာမှ ပြည်သူများအား တစ်နှစ်ပတ်လုံး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သွားလာရေးလွယ်ကူစေရန် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)