ရန်ကုန် သြဂုတ် ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင် အမည်စာရင်း ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဗညားဒလရပ်ကွက်၊ မှော်စက်ရပ်ကွက်၊ တာကြီးရပ်ကွက်၊ ကျေးရွာများဖြစ်သည့် ရခိုင်ချောင် (မြောက်)ကျေးရွာနှင့် ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စုတို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများ၊ အသိပညာပေးနှိုးဆော်မှုများ၊ ဒေသခံပြည်သူများ မဲစာရင်း လာရောက် ကြည့်ရှု မှု၊ မဲစာရင်းတွင် သတ်မှတ်ချက်များအတိုင် ဆောင်ရွက်ထားရှိမှုများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိကြသည့် စာရင်းများကောက်ယူနိုင်ရေး အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးသိန်းနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲစာရင်းတွင် အမည်မပါခြင်း၊ မှားယွင်းနေသည့် အချက်များ ပြင်ဆင်ခြင်းနှင့် မပါဝင်သင့်သူများကို ပယ်ဖျက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လာရောက်ပြင်ဆင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ တို့တွင် ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိရာ၊ မသန်စွမ်းသူများ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၃၀ ကျော်ရှိပြီ၊ မဲရုံပေါင်း ၁၈၂ ရုံ ထားရှိ မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
နိုင်လင်းကျော်(ဒလ)