ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် Mask မပါရှိသူများအားအခမဲ့ဖြန့်ဝေ

ခရမ်း ဇန်နဝါရီ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Mask တပ်ဆင်မှုမရှိသူများကို mask များအား ယနေ့ နံနက်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးသိန်းထူးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချ ခြင်းများ ရှိ/မရှိစစ်ဆေးခြင်း၊ ဈေးရောင်းချ သူများနှင့် ဈေးဝယ် လာပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့် ဆေးဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းများနှင့် ဈေးများ အတွင်း Mask တပ်ဆင်မှု မရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ များအား အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ်ငွေ ရိုက်ခြင်း၊ တတိယအကြိမ် စည်းကမ်းမလိုက်နာပါကဈေးရောင်းချခွင့် ရက်အကန့်အသက်မရှိ ပိတ်သိမ်းသည်အထိ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေးကော်မတီ  ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ထံမှ သိရသည်။

ကိုမင်း(ခရမ်း)