စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သထုံ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်အိသွယ်မိုးက “တိုင်းရင်းဆေးပညာ မိတ်ဆက်”‌ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က “စာဖတ်ကြစို့လူငယ်တို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေး ဟောပြော‌ကြရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြော သူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်များ၊ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ‌ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)