တမူး ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ် သူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများရှိ/ မရှိ စစ်ဆေးခြင်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ဇန်နဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တမူးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်ဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ဦးစီးအရာရှိ ဦးလေးမော်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊တမူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၁ ဒေါ်ညောင်ငိုက်ဟွဲ နှင့်ဝန်ထမ်းများ၊ တမူးမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ရဲအုပ် ကျော်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မစျေး ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့်စျေးကော်မတီဝင်များမှ စျေးအတွင်းရောင်းချနေသော စျေးသည်များ၊ စျေးဝယ်ယူသူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shield များတပ်ဆင်၍ စျေးရောင်းချခြင်း၊ စျေးဝယ်ယူခြင်းများ ရှိ/ မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်း (Mask)များနှင့် Face Shield များတပ်ဆင်ခြင်းမရှိဘဲ စျေးရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက ပထမအကြိမ် စျေးရောင်းချခွင့်(၃)ရက် ပိတ်သိမ်းခြင်း၊ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက စျေးရောင်း ချခွင့်(၇)ရက်ပိတ်သိမ်းခြင်းနှင့် လုံးဝလိုက်နာမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းခဲ့ပြီး စည်းကမ်းမလိုက်နာသည့် စျေးဆိုင် (၈)ဆိုင်တို့မှ စျေးရောင်းချသူများအား ခံဝန် ကတိလက်မှတ်များရေးထိုးစေ၍ သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တမူးမြို့၊ မြို့မစျေးအတွင်း ဒီဇင်ဘာ ပထမပတ်ကကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့သည့်အတွက် အထူးကြပ်မတ် စစ်ဆေးလျက်ရှိပြီး စျေးကော်မတီရုံးမှလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာမှုရှိစေရေးတို့အတွက် နေ့စဉ် အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးနိုးဆော် လျက်ရှိကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)