သဲကုန်း ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကထား လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံနေကြာ (၁၁၄) ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ကြားညှပ်သီးနှံအဖြစ်လည်းကောင်း၊ စိုက်ဧကများဖြင့် ခြောက်သွေ့သော ဒေသများရှိ မြေစေးမြေများတွင် နိုဝင်ဘာလတွင်စတင်စိုက်ပျိုးကြရာ နေကြာစိုက်ပျိုးရာတွင် အပင်ရှင်သန်ကြီးထွားစေရန်၊ အပွင့်အရွယ်အစားကြီးထွားစေရန်၊ အစေ့အဆံအောင်မြင်စေရန် သဘာဝမြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေးနှင့် ဓာတ်မြေသြဇာများကိုလည်း အချိုးကျသုံးစွဲပေးရသည်။ ပိုးမွှားရောဂါနှင့် အပင်ရှင်သန်ကြီးထွားစေရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ပက်ဖြန်းပေးရပြီး စိုက်ခင်းများအတွင်းရေသွင်းခြင်း၊ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးမှသာ အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော ဆီထွက်သီးနှံနေကြာများရရှိကြောင်း နေကြာစိုက်ပျိုးသူတောင်သူတစ်ဦးထံမှသိရှိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြေပဲ (၄၆၆၆) ဧက၊ နှမ်း (၂၃၃၉) ဧက၊နေကြာ (၁၁၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကိုကျော် (သဲကုန်း)