ဗန်းမောက် ၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ်နှင့် မံထုံဒေသစိတ် နှစ်ခုအတွင်း ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီးနေမှုများအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသစိတ်နှစ်ခုအတွင်း ကျေးရွာချင်းဆက်လမ်းပိုင်းများကို တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေကျပ်သိန်း (၂၀၀)ဖြင့် မံစီကြီးဒေသစိတ် နန့်မားကျေးရွာအုပ်စု တုံးပုံကျေးရွာနှင့် မံထုံဒေသစိတ် ဟဲချိန်ကျေးရွာအုပ်စု လယ်ဦးကျေးရွာကြား မြေသားလမ်းဖောက်လုပ်နေမှုမှာ ဒေသခံပြည်သူလူထုများ၏ လုပ်အားဒါနပံ့ပိုးကူညီမှုနှင့် အဆိုပါမြေသားလမ်းမှာ (၄)မိုင် ဝန်းကျင် ပြီးစီးလုနီးပါး ရှိနေပါကြောင်း၊ အဓိကအခက်အခဲကတော့ ဒေသအခေါ် မျှော်တောင်မှာ မြင့်မားမတ်စောက်ပြီး ကျောက်တုံး၊ ကျောက်ဆောင်တွေပေါများလှသည့်အတွက် စနစ်တကျ ကွင်းဆင်းတိုင်းတာပြီး ပြန်လည်အားဖြည့်ဆောင်ရွက်သွားရမည့် နေရာဖြစ်ပါတယ်။ ယခုနှစ်မှာ သရက်ကုန်းကျေးရွာကနေ ဟဲချိန်ကျေးရွာလမ်းပိုင်းကိုတော့ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဂျင်းတင်မြေသားလမ်း (၄ ဒဿမ ၅)မိုင် ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ နွေ၊ မိုး၊ ဆောင်း အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် လမ်းဖြစ်ဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေပါကြောင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ က ပြောသည်။
ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြီးစီးသွားပါက မံစီကြီးဒေသစိတ်နှင့် မံထုံဒေသစိတ် အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေမည့်အပြင် အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)