ကြို့ပင်ကောက် ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် တောင်ရိုးကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြာပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာမေဇော်က ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများအား သိရှိလိုက်နာဆောင်ရွက်နိုင်ကြစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုး၏ လမ်းညွှန်မှုဖြင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် တိရိစ္ဆာန်များမှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းတို့အားအသိပညာပေးဟောပြောပြီး လယ်တီကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး (၂) ဒေါ်ခင်အေးမူက သန့်ရှင်းသော သောက်သုံးရေသုံးစွဲမှု၊ အိမ်သာအသုံးပြုမှုအခြေအနေများ၊ မကူးဆက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများနှင့်ပတ်သက်၍ ဖြစ်ပွားရခြင်းအကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့်အခြေအနေများကိုအသိပညာပေးဟော ပြောခဲ့သည်။
ဆက်လက်၍ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ရေတွင်းရေကန်များတွင် အဘိတ် ဆေးခတ်ခြင်းနှင့် ယင်လုံအိမ်သာအသုံးပြုမှုအ ခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား ကျေးလက်နေပြည်သူများအား မှာကြားခဲ့သည်။
ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမေဇော်နှင့် တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)