ပေါင်းတည် ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွေစပါးများ စိုက်ပျိုးထုတ်လုပ်ရန် ဝဲကြီးရေလှောင်တမံလက်ယာ လက်ဝဲ ရေလွှတ်မြောင်းလက်တံကြီးများမှ စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေများ ပို့လွှတ်လျက်ရှိသည်။
ထိုသို့ ပို့လွှတ်ရာတွင် စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ရေမြောင်းများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းလက်တံများအတွင်း ပိတ်ဆို့တားဆီးနေသော အမှိုက်သရိုက်များ၊ ရွံ့နွံများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဆည်မြောင်းရေအသုံးချ စိုက်ပျိုးသူတောင်သူများဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက စုပေါင်းရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦညီညီအောင်နှင့် ဆည်မြောင်းလက်တံများဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စိုက်ပျိုးရေများအား စနစ်တကျ ထိန်းသိမ်းစိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)