လမ်းမတော် ဇန်နဝါရီ ၈
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပဉ္စမအကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးသက်နိုင် (ငါးလုပ်ငန်းဦးစီးဌာန)၊ ဒေါက်တာ စံပယ်ထက်ထက်ထူး (အစားအသောက် ဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန) နှင့် ဒေါက်တာသီသီစိုး (သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာန) တို့မှ “လူ၊ အပင်နှင့်တိရိစ္ဆာန်များ ပိုးမွှားကင်းစင်ရေး” ၊ “စံချိန်စံညွှန်းနည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် အရည်အသွေး ကိုက်ညီမှု စစ်ဆေးသည့် လုပ်ငန်းစဉ်များ” နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယမန်နေ့ဆွေးနွေးပွဲတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ အစီအမံများအား အဓိကထား ဆွေးနွေးခဲ့ ကြပြီး လူ၊ အပင်နှင့်တိရိစ္ဆာန်များ ပိုးမွှားကင်းစင်ရေး အစီအမံ များသတ်မှတ်၍ ကုန်သွယ်မှုအပေါ် အဆိုပါအစီအမံ များ သက်ရောက်မှုကို လျှော့ချရန်၊ ကမ္ဘာ့ကုန်သွယ်ရေးသဘောတူစာချုပ်ပါ ကတိကဝတ်များအပြင် သင့်လျော်သော နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ၊ အကြံပြုချက်များနှင့် အဆိုပါအစီအမံများကို အကောင်အထည်ဖော်ရန်၊ စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝေဖြိုး၊ ဦးရဲမင်းအောင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများနှင့် ညီနောင်အသင်းများ၏ တာဝန်ရှိ ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)