ပြည် ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းအဆင့် (၁)နှင့် အုတ်စီအဆင့်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ဇီးအုပ်တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးအောင်မိုးက သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲအမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ပြည်ခရိုင်အတွင်းမြို့နယ်များမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော သင်တန်းသား စုစုပေါင်း ၆၀ ဦးအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်းမှ ကျွမ်းကျင်နည်းပြဆရာ/ဆရာမများက ဆောက်လုပ်ရေးဆိုင်ရာ အသိပညာ/အတတ်ပညာရပ်များကိုဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများအတိုင်း စနစ်တကျ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)