ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလ အတွင်း မိမိတို့နေအိမ်မှ ဝေးကွာသော ဈေးများသို့ သွားရောက် ဝယ်ယူခြင်းမပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ယနေ့နံနက်(၇)နာရီမှ စတင်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၁၀)ရပ်ကွက်ရှိ ဧကရာဇ်လမ်းနှင့် ချယ်ရီလမ်းများတွင် Mobile market ဈေးကားများဖြင့် လှည့်လည် ရောင်းချ ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ဈေးရောင်းချ ပေးရာနေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သတ်မှတ်စည်းကမ်းချက်များ နှင့်အညီစနစ်တကျ ရောင်းချပေးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)