ကော့ကရိတ် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် နောင်တပွဲကျေးရွာအုပ်စု၊ ထီးဝါးဆူးခိကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ်ပေါင်းသိန်း (၁၀၀) ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် (အရှည် ၇၀၀ ပေ× အကျယ် ၁၀ ပေ × ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်နွယ်ဇင်ဦး ၊ လူထုစည်းရုံးရေးမှူး နန်းဆမူးနူတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာအကြံပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးလက်မှ အိမ်ထောင်စု (၁၁၁)စု၊ လူဦးရေ (၆၇၁)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး များအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးလွင်(ခရိုင်ပြန်/ဆက်)