လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်

လမ်းမတော် ဇန်နဝါရီ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ နှာခေါင်းစည်း   Mask များ မဖြစ်မနေ  တပ်ဆင် သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မော်တင် ယာယီ စျေးရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Masks Campaign  ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တင်ယာယီစျေး ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ရန်ကုန်မြစ် တဖက်ကမ်းမှ သွားလာနေကြသော ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူတစ်ဦးချင်း လိုက်နာကျင့်သုံးမှသာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ အတူတကွ ပူးပေါင်းပါဝင်ကြရန်၊ Mask ကို စနစ်တကျ တပ်ဆင်ရန်၊ စနစ်တကျ လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြ ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) ၃၀၀၀ ကို ဝေငှပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့် လမ်းမတော်  (ပြန်/ဆက်)