ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၅)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ပွင့်ဖြူ  ဇန်နဝါရီ      ၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၇ ရက် ၊ ညနေပိုင်းက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် (၅)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။  

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦးမှာ ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိ၍ (RDT) Test Kit ဖြင့် ကိုဗစ်ပိုး ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့်  မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ထားရှိသော ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှုခံယူစေခဲ့ရာ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေး ကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက်ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ပြောသည်။  

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးမှာ ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ  အသက်(၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၆)နှစ်အရွယ် ကလေးငယ် တစ်ဦး ၊ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ထူးပေါက်ကျေးရွာမှ အသက်(၂၂)နှစ်အရွယ် သံဃာတော်တစ်ပါး  တို့ ဖြစ်ကြောင်း သိရပြီး ယမန်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင် များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင် သွားရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ (၆၃)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၅၉)ဦး ရှိသွားပြီဖြစ်ကာ ယာယီသီးခြား လူနာကုသဆောင်တွင်  ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ(၄)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။ 

 ရဲဝင်းနိုင် ( ညောင်ဦး )