ရန်ကုန် ဇန်နဝါရီ ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် ရည်ရွယ်၍ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘော ဆိပ်ကမ်း၌ ချယ်ရီရေယာဉ် စီးနင်းလိုက်ပါလာကြသော ခရီးသွားပြည်သူများ အား ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ စာတမ်းပါ အဝါရောင် Campaign အထိမ်းအမှတ် အင်္ကျီများ၊ နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း စသည့် Stop COVID-19 အဝါရောင် Campaign လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်က ပန်းဆိုးတန်းသင်္ဘောဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး လူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူ များက ရန်ကုန် မြစ်တွင်းသွား ချယ်ရီရေယာဉ်စီးနင်းလိုက်ပါလာကြသော ခရီးသွားမိဘပြည်သူများအား Stop COVID-19 အဝါရောင်တီရှပ် ၁၀၀၀၊ နှာခေါင်းစည်း များနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် ချယ်ရီရေယာဉ်ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ပိုစတာများ ကပ်ထားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှု ဆောင်ရွက်ရာသို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တာဝန်ရှိသူများ၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
လက်ရှိအချိန်၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းတွင် ရုံးဖွင့်ရက် ရေယာဉ်ခရီးစဉ် အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ ခရီးသည် ၁၃၀၀၀ ကျော်ခန့်သွားလာပြီး၊ ရုံးပိတ်ရက် ရေယာဉ်ခရီးစဉ် အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် ပြေးဆွဲရာတွင် ခရီးသည် ၆၀၀၀ နှင့် ၇၀၀၀ ဝန်းကျင်ခန့် ကူးသန်းသွားလာလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
နိုင်လင်းကျော်(ဒလ)