ကွမ်းခြံကုန်း ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေး နှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြား ထားသော စည်းကမ်းချက်များအား အလေးထား လိုက်နာမှုရှိစေရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်သွားလာရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ လူအများ သွားလာနေသော နေရာများ ဖြစ်သည့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုကို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် သွားလာ နေသော အများပြည်သူများ၊ စက်ဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား အပြင်ထွက်လျှင် နှာခေါင်းစည်း(mask) တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏဆပ်ပြာ (သို့မဟုတ်) လက်သန့် ဆေးရည် အသုံးပြု ၍ စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မြန် ကာလ ဖြစ်သဖြင့် တတ်နိုင် သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် တို့ကို အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ငွေ(၂၀၀) ကျပ် ပေးဆောင်စေပြီး (mask) တစ်ခု ပေး၍ ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။ အလားတူ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား အသိပညာပေးနှိုးဆော် ခြင်းနှင့် စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေပေး ဆောင် စေခြင်းဖြင့် အလေးထား လိုက်နာ လာစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)