ထီးချိုင့်မြို့နယ် အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း (၁၀၀ ) အောက်ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေခွဲဝေချထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထီးချိုင့် ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ပြင်ဆင် ထိန်းသိမ်းစရိတ်ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျပ်သိန်း (၁၀၀ )အောက် ရန်ပုံငွေခွဲဝေချထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန်တို့မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအုပ်ကြီးများ၊ ကျောင်းကော်မတီများ ဆောက်လုပ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ကြရန်၊ ပစ္စည်းများဝယ်ယူရာ တွင် ပစ္စည်းမှန်၊ ဈေးမှန်ဖြစ်အောင် လုပ်ဆောင်ပေးကြရန် ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှလည်း တည်ဆောက်ရေးလုပ်ငန်များလုပ်ဆောင်ရာတွင် ကွဲလွဲမှုမရှိကြစေရန်၊ ကျောင်းအုပ်ကြီးများဦးဆောင်၍ ကျောင်းကော်မတီများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးဝင်းသိန်းမှ လုပ်ငန်းအရည်အသွေးလျော့နည်းမှုမရှိစေရေးကြီး ကြပ် ဆောင်ရွက်ကြရန်၊ ကျပ်သိန်း (၁၀၀) အောက်ဖြစ်သည့်အတွက် ကန်ထရိုက်မပေးရန်၊  လုပ်ငန်း များကို (၃)လအတွင်းအချိန်မီ ပြီးစီးအောင်လုပ်ဆောင်ကြရန် ပြောကြားသွားကြောင်းသိရှိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဟန်၊  မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတိုးဝင်း၊  အင်ဂျင်နီယာဦးဝင်းမြင့်နှင့်  မြို့နယ်ပညာရေးမှူးဦးဝင်းသိန်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။  ထီးချိုင့်မြို့နယ် အနေဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေများကို   မြို့နယ်ပညာရေးမှူးရုံး (၁) ရုံး၊   စာသင်ကျောင်း (၁၆) ကျောင်းတို့အား ခွဲဝေချထားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)