ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ       ဇန်နဝါရီ        ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး ၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာလမ်းကော်မတီအဖွဲ့ဝင်များ နှင့် အတူ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၅၀၀ ဖြင့် မဲဇလီကျေးရွာရှိ ဒေသခံ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းလမ်းအရှည်ပေ ၂၃၀၀ အား အကျယ် ၁၈ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ကျေးရွာလမ်းကော်မတီ အဖွဲ့ဝင်များက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာ လအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက ကျေးရွာနေပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက် သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မဲဇလီကျေးရွာ ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၆၆ ၊ လူဦးရေ ၁၁၁၆ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန် သီးနှံများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လုပ်ကိုင် နိုင်မည်ဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )