မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုနယ်မြေဖြစ်ပြီး ခရီးသွားများ လေ့လာစရာ အထင်ကရနေရာများစွာရှိသည့် မြို့လည်းဖြစ်သည်။ ခရီးသွားများသည် မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရား၊ ရှင်ပင်စက္ကိန္တဲစေတီ၊ ဓာတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးဘုရား၊ အောက်ကျောင်း ဘုရား၊ နဂါးပွက်တောင်စသည့် အထင်ကရနေရာများသို့ ကား၊ မြင်းလှည်း၊ သုံးဘီးများဖြင့် လှည့်လည်ဖူးမြော်၍ လေ့လာလေ့ရှိကြသည်။ ထိုအထင်ကရ နေရာများထဲတွင် သမိုင်းဝင် ရှင်ပင်စက္ကိန္တဲ စေတီတော်မြတ်ကြီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
စေတီတော်မြတ်ကြီးကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်းမှ စန္ဒကူးနံ့သာ ကျောင်းတော်ရာကြီးကို အလှူခံတော်မူပြီး သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူစဉ် နောင်တော်ဘုရားများ သတင်း သုံးတော်မူမြဲဖြစ်သော ယခုမင်းဘူးမြို့၏ တောင်ဘက်ရှိ ကေလာသဘတောင်သို့ ကြွတော်မူလာရာ သိကြားမင်းက ရတနာမြကျောက်သလွန်၊ မြသပိတ်တော်နှင့် ရွှေတဲကျောင်းဆောင်များ ဆက်ကပ်လှူဒါန်းသလို ဗြဟ္မာမင်းက လည်း ထီးဖြူမိုးကာ ပူဇော်ကြသည်။
မြတ်စွာဘုရားရှင်က အလှူခံတော်မူပြီး မြသလွန်ပေါ်တွင် ခေတ္တကျိန်းစက်တော်မူ၍ သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူ သောအခါ သိကြားမင်းက ရွှေတည်းကျောင်းဆောင်အား ဌာပနာကာ ကိုးတောင်ပြည့် ကျောက်စေတီ တည်၍ စေတီတော်၏ တောင်ဘက်တွင် ကမ္ဗည်းကျောက်စာတိုင် စိုက်ထူခဲ့သည်။ မြတ်စွာဘုရားရှင် ကျိန်းစက် တည်းနေ တော်မူသည့်အတွက် စက္ကိန္တဲဘွဲ့အမည်နဲ့ တန်ခိုးကြီးခဲ့ခြင်းဖြစ်သည်။
သာသနာသက္ကရာဇ် ၁၂၃ ခုနှစ်မှာ သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးဟာ စန္ဒကူးနံ့သာကျောင်းတော်ရာသို့ ဖောင်တော်ဖြင့် လာရောက်ဖူးမြော်ရာတွင် သဖန်းတောမြစ်ကွေ့အရောက် အနောက်ဘက်သို့ မျှော်ကြည့်လိုက်တဲ့ အခါမှာ ကေလာသဘတောင်ထိပ် ကိုးတောင်ပြည့်စေတီမှ ရောင်ခြည်တော်များ ကွန့်မြူးနေတာကို ဖူးမြော်ရတာ ကြောင့် တောင်ထိပ်သို့တက်လာပြီး သိကြားမင်း တည်ထားခဲ့တဲ့ စေတီနဲ့ကမ္ဗည်း ကျောက်စာတိုင်ကို ဖူးတွေ့ရသည့် အတွက် အလွန်မတန် ဝမ်းသာပီတိဖြစ်ကာ စေတီတော်အား ဉာဏ်တော်မြှင့်ခြင်း၊ စိန်ဖူးတော်အား အသစ်လဲလှယ် ခြင်းတို့ဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။
ရှင်ပင်စက္ကိန္တဲ စေတီတော်မြတ်ကြီးရဲ့ ထူးခြားချက်ကတော့ ရွှေထီးတော်တင်လှူတိုင်း နေပူခြင်းမရှိပဲ မိုးများအမြဲ အုံ့ဆိုင်းနေခြင်းဖြစ်သည်။ ယခုအခါ စေတီမြတ်ကြီးရဲ့ ဉာဏ်တော်အမြင့် ၁၀၉ ပေနှင့် ရင်ပြင်အကျယ်ပေ ၂၀၀ ပတ်လည်ရှိကာ တောင်ထိပ်ပေါ်တွင် မြသလွန်နဲ့သိကြားမင်းပြခန်း၊ ရှင်ပင်စက္ကိန္တဲ စေတီတော် သမိုင်းပြခန်း၊ စက်တော်ရာစေတီပြခန်း၊ နဂါးရုံဘုရား၊ စဓဗဝလျောင်းတော်မူဘုရား၊ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် အရံစေတီတော် ၂၀ ဆူရှိကြောင်းသိရပြီး မင်းဘူးမြို့ အမှတ် (၂)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတွင် ထူးခြားစွာ ဖူးမြော်နိုင်သော စေတီတော်မြတ်ကြီးအဖြစ် တည်ရှိပါတော့သည်။
ဇေယျာထက် (မင်းဘူး)