မော်လမြိုင် ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သောင်းညွန့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် Time Frame များ၊ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအဆင့်ဆင့် ဆောင်ရွက်ရမှုများ၊ အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ကြရေးတို့ကို ဆွေးနွေးပေးသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်သဲစံက အုပ်ချုပ်ရေးနှင့် ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို အကျယ်တဝင့် ရှင်းလင်းပေးပြီးနောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သောင်းညွန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်နှင့် ဦးအေးမင်းဟန်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)