ကြည့်မြင်တိုင် ဇန်နဝါရီ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်၊ ထီးတန်းစက်မြေရပ်ကွက်တို့တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အများပြည်သူလူထုအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ပိုးလောက်လမ်း မပေါက်ပွားစေရန် (Abate)ဆေးများ ပေးဝေခြင်း လုပ်ငန်းကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းအဖြစ် ရပ်ကွက်များအတွင်းရှိ နေအိမ်များအတွင်း ရေအိုး၊ ရေပုံ၊ ရေတိုင်ကီ စသည့် ခြင်များပေါက်ပွားနိုင်သည့် နေရာများအား အဘိတ်ဆေးများထည့်ရန် ဖြန့်ဝေခြင်း၊ လိုက်နာရမည့် အချက်များ နိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးလှမျိုးထွန်းနှင့် ရုံးဝန်ထမ်း များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမကြီး ဒေါ်ညိုညိုသန်းနှင့် ဆရာမများ၊ မီးအိမ်ရှင်ပရဟိတအသင်း၊ မကျည်း တန်းတောင် အနောက်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းတို့မှ ပူးပေါင်း၍ ရပ်ကွက်လမ်းများသို့ လှည့်လည်၍ အသိပညာပေးနှင့် (Abate) ဆေးများပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် မြို့နယ်အတွင်း ကျန်ရှိ ရပ်ကွက်များသို့လည်း ရက်အပိုင်းအခြားလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)