ပွင့်ဖြူမြို့နယ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး အတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။  

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲမဖြစ်စေရေး အတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ် စိုက်ခင်းများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က  စိုက်ခင်းများအရောက် ကွင်းဆင်း၍ မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှားရောဂါ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း၊ ထို့အပြင် စပါးသီးနှံများ ရင့်မှည့်ချိန်တွင် သီးနှံအထွက်နှုန်း လေလွင့်မှုများ မရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က ပြော သည်။

အဆိုပါ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ် စိုက်ခင်းအား ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာပေါင်း (၅၄)ရွာတွင် စုစုပေါင်း စိုက်ဧက ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရပြီး တစ်ဧက သီးနှံအထွက်နှုန်း အနေဖြင့် ပျမ်းမျှစပါးတင်းရေ (အစို) ၁၀၀ ကျော်ခန့် ထွက်ရှိကြောင်းနှင့် ယခုလဆန်းပိုင်းတွင်တွင် ရာနှုန်းပြည့် ရိတ်သိမ်းဆောင်ရွက်ပြီးစီးသွား ပြီဖြစ်ကြောင်း သိရသည်။ ယင်းဧရာမင်း မျိုးစေ့ထုတ် စိုက်ခင်းများမှ ထွက်ရှိသော စပါးမျိုးများကို မြို့နယ် အတွင်း စပါးသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် စေရေးအတွက် တောင်သူအချင်းချင်း မျိုးဖလှယ်ခြင်းများ ပြုလုပ်ကာ စိုက်ပျိုးဆောင်ရွက်စေမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရဲဝင်းနိုင် (ညောင်ဦး)