ချောင်းဦး ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အမြင့်စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာနယ်မြေတွင် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ကွင်းများတွင် မြေဆီလွှာ အာဟာရဓာတ်များ တိုးတက်လာစေရန် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၌ လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။
သရုပ်ပြသရာတွင် ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အမြင့်စိုက်ပျိုးရေး နည်းပညာပြန့်ပွား ရေး စင်တာနယ်မြေတာဝန်ခံ ဦးတင်မောင်ဌေးနှင့် စိုက်ပျိုးရေးပညာရှင်များက ဆူးလေကုန်း ကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတောင်သူ ဦးဖိုးထောင်နှင့် ဦးချမ်းမင်းအောင်တို့၏ စိုက်ကွင်း များတွင် EM ဘိုကာရှီ သဘာဝမြေဆွေးများပြုလုပ်ပုံနှင့် စနစ်တကျ အသုံးပြုပုံများကို လက်တွေ့ သရုပ်ပြရှင်းလင်းခဲ့ကြရာ ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာ တောင်သူများက စိတ်ပါဝင်စားစွာလေ့လာခဲ့ကြသည်။
ထို့နောက် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ၊ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းများ၊ လက်တွေ့ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက ကျေးရွာအရောက် နည်းပညာပေး ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးများ ရရှိကြောင်း၊ လယ်ယာ စွန့်ပစ်ပစ္စည်းများကိုလည်း လက်တွေ့ကျကျ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတောင်သူ ဦးဖိုးထောင်က ပြောပြသည်။
ဆက်လက်ပြီး လယ်သီးထပ်ဆောင်းသီးနှံ စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာ အာဟာ ရဓာတ်များ တိုးတက်လာစေရန်၊ လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး EM သဘာဝ မြေသြဇာအဖြစ် ပြုလုပ်သုံးစွဲနည်းများကို စိုက်ပညာရှင်ကွင်းတာဝန်ခံ ဦးကျော်သူရထွန်းနှင့် ဝန်ထမ်း များက လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)