တာမွေမြို့နယ်တွင် စျေးကားများဖြင့် သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့် အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့်  စားသောက်ကုန်ပစ္စည်းများအား ပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်း ဝယ်ယူရရှိနိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ ယနေ့ နံနက်ပိုင်းအချိန်က ညီနောင် လုပ်ငန်းရှင် အသင်းများမှ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်ရှိ ရာဇသင်္ကြန်လမ်း (ဇေယျာသုခလမ်းနှင့် မာလာနွယ်လမ်းကြား) တွင် သန့်ရှင်းလတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စျေးကားများဖြင့် လှည့်လည်ပြီး စျေးနှုန်းချို သာစွာဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချ ပေးခဲ့ကြသည်။

ထိုသို့ သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် လှည့်လည်ပြီး အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးမှုအပေါ် ရပ်ကွက်နေပြည်သူ တစ်ဦးဖြစ်သူ ဒေါ်တင်တင်နွယ်က လည်း "ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက် ကုန်ပစ္စည်းတွေကို ယခုလို သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးတာဟာ မြို့နေပြည်သူတွေအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ စျေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသော ပစ္စည်းတွေကလည်း လတ်ဆတ်သန့်ရှင်းမှုရှိပါတယ်။ နောင်လည်း အခုလို လာရောက်ရောင်းချပေးစေချင်ပါတယ်" ဟု ပြောကြား ခဲ့သည်။

သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် လှည့်လည်ပြီး အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် အသင့်ထုတ်ပိုးပြီး ရေချို / ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် စျေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)