ပခုက္ကူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန် သီးနှံများအား ဈေးကွက် အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးတို့အတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မူလ ခွင့်ပြုငွေကျပ် ၂၁သန်းဖြင့် ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာတွင် အရှည်တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၂ပေ၊ ထုထည် တစ်ပေ ကိုးလက်မရှိသည့် ကုန်ထုတ်လမ်း (ကျောက်ရောမြေ+ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်း)ကို တင်ဒါအောင်မြင်သည့် Development Way ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ပခုက္ကူမြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းကာလ သတ်မှတ်ရက်အတွင်း အချိန်မီပြီးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေးကြကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၉၀၀ အိမ်၊ လူဦးရေ ၁၈၀၀ ဦးတို့၏ စိုက်ပျိုးလယ်ယာမြေ ဧက(၄၀၀)တို့မှ ထွက်ကုန်သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး