ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက် အဦသစ် ဆောက်လုပ်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ ၊ ပြည်လုံးကျော်ကျေးရွာ ၊ ကုလားဟောင်းကျေးရွာ ၊ ပေတောကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၅ သန်းဖြင့် အလျား ၂၇ ပေ ၊ အနံ ၁၈ ပေရှိ Steel Structure အမျိုးအစား ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦ ဆောက်လုပ်လျက်ရှိပြီး အဆိုပါ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးသစ် ဆောက်လုပ်ခြင်းကို ကျေးရွာတည်ဆောက်ရေး လုပ်ငန်းကော်မတီများမှ တာဝန်ယူ၍ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦ ဆောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာနှင့် ကုလားဟောင်းကျေးရွာသို့ သွားရောက်ပြီး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးရွာတည်ဆောက်ရေး လုပ်ငန်း ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သတ်မှတ် ကာလအတွင်း အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )