မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၉) လသားအရွယ် ကလေးငယ် တစ်ဦး အပါအဝင် (၇၀) ဦး စံချိန်တင် ထပ်တိုးတွေ့ရှိ

မကွေး     ဇန်နဝါရီ    ၉

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၉ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၇၀)ဦး စံချိန်တင် ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းမှာ အတည်ပြုလူနာပေါင်း(၂၈၁၃)ဦးထိ ရှိလာ ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ဒီနေ့မှာတော့ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေ ရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက  ဆက်လက်ရှိနေပြီး ပိုးတွေ့ရှိမှုက စံချိန်တင်ခဲ့ပြန် ပါပြီ၊ စံချိန်တင်တွေ့ရှိတဲ့ အထဲမှာ(၉)လသားအရွယ် ကလေးငယ်(၁)ဦးပါဝင်ခဲ့ပါတယ်၊ ဒီကနေ့ မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL ၊RDT GeneXpert စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့ အတည်ပြုလူနာသစ် (၇၀) ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့ တွေ့ရှိတဲ့ ပိုးတွေ့ အတည်ပြုလူနာတွေက စလင်းက(၂၃)ဦး၊ အောင်လံက(၁၂)ဦး၊ မကွေးက (၇)ဦး၊ ရေနံချောင်းက (၅) ဦး၊ ရေစကြိုနဲ့ မင်းလှက(၄)ဦးစီ၊ တောင်တွင်းကြီး၊ မြိုင်နဲ့  ချောက်က(၃) ဦးစီ၊ ပွင့်ဖြူနဲ့ မင်းဘူးက(၂) ဦးစီ၊ဆိပ်ဖြူနဲ့ ဆင်ပေါင်ဝဲက (၁) ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့ အတည်ပြုလူနာတွေထဲက စလင်းက (၂၂) ဦး၊ အောင်လံ (၁၀) ဦး၊ မကွေးက (၄) ဦးနဲ့ ဆိပ်ဖြူ (၁) ဦးတို့က ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူတွေဖြစ်ပြီး အသွားအလာကန့်သတ် ထားသူတွေပါ၊ တောင်တွင်းကြီး(၂)ဦးနဲ့ အောင်လံ (၁) ဦးက အနံံ့ပျောက်လူနာ တွေဖြစ်ပါတယ်၊ နောက် မကွေး(၃)ဦးနဲ့ မင်းဘူး(၁)ဦးတို့က စောင့်ကြည့်လူနာတွေပါ၊ နောက်ထပ် အောင်လံက(၁)ဦးက ယာဉ်မောင်းဖြစ်ပြီးတော့ ကျန်တဲ့ပိုးတွေ့လူနာ တွေက ရန်ကုန်ပြန် (Quarantine Centre) တွေကဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ ပေါင်းက (၂၈၁၃)ဦး ရှိလာပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၅၀၀)ကျော်နဲ့ သေဆုံး သူက (၈)ဦး ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့ လူနာများ ထပ်တိုး၍ တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန် ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းမှု များလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)