လှိုင်းဘွဲမြို့နယ်တွင် လယ်ယာမြေဧက (၂၀၀) ကျော် အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်

လှိုင်းဘွဲ ဇန်နဝါရီ ၁၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် အဆင်ပြေလွယ်ကူစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၁၇၄) သန်းဖြင့် ဆောင်ရွက်နေသည့် မဲသိမ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း ဖောက်လုပ်နေမှု အခြေအနေ များကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါမဲသိမ်ကျေးရွာကုန်ထုတ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၇၄) သန်းဖြင့် လမ်းအရှည်(၂)မိုင်၊ အကျယ်(၁၂)ပေ၊အထူမြေသား(၂)ပေ၊ မြေသားလမ်းပေါ်တွင် ကိုးလက်မ အထူဂဝံ မြေသားခင်းခြင်းနှင့် Box Culvert (၂)စင်း၊ (၁၀) ပေတံတား (၂) စင်း၊ (၂၀) ပေတံတား (၂) စင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးပါက မဲသိမ်ကျေးရွာ၏ စိုက်ပျိုးဧက (၂၀၀) ကျော်မှ ထွက်ကုန် သီးနှံများကို လွယ်ကူလျင်မြန်စွာ ဈေးကွက်သို့ ရာသီမရွေး တင်ပို့ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း လှိုင်းဘွဲမြို့ နယ် မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းထံမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)