ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရေး၊ မီးသတ်စက် ပစ္စည်းများ အား လွယ်ကူကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရန် ရည်ရွယ်၍  လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ် မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ လေ့ကျင့် ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်း အောင် ကြီးကြပ်၍ တပ်ဖွဲ့ဝင်များက ခေတ်မီသတ်စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်း သတ်ခြင်း၊ BA Set အသုံးပြု၍ မီးငြိမ်းသတ်ခြင်းအား လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခြင်းတို့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးသတ်စခန်းရှိ မီးငြိမ်းသတ်ရေး ယာဉ်များ ကြံ့ခိုင်ရေး အမြဲမပြတ်စစ်ဆေး ဆောင်ရွက်ခြင်း၊ မြို့နယ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း အသံချဲ့ စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)