တန့်ဆည်မြို့တွင် ရေတင်မော်တာ မိန်းခလုပ်မပိတ်မိရာမှ ဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား

ရွှေဘို ဇန်နဝါရီ    ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့  မေတ္တာမြိုင်ရပ်ကွက်တွင် ယမန်နေ့ ည  ၁၂ နာရီ ၁၅ မိနစ်ခန့်က ဦးစောလွင်၏ နေအိမ်တွင် ရေတင်မော်တာ မိန်းခလုပ်မပိတ်မိရာမှ ဝါယာကြိုး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ထံမှ သိရသည်။

အဆိုပါ မီးလောင်ရာသို့ တန့်ဆည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ် ဦးဆောင်သော  မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရေဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုး ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁) စီး၊ ဒီပဲယင်းမြို့နယ် မီးသတ် ဦးစီးမှူး ဦးထွန်းလင်းအောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရွာရှည် (မ) နယ်မြေ စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အင်္ကုက္ကား နယ်မြေစခန်းမှ ရေသယ်ယာဉ် (၁)စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၅)စီး ၊ သန္ဓေတပ်ဖွဲ့ဝင်(၄၂)ဦး၊ ရဲတပ်ဖွဲ့ဝင် (၆) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ ပြည်သူ (၃၀၀)ခန့် တို့မှ ပူးပေါင်း၍ မီးငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဦးစောလွင်၏ နေအိမ်ရှိ ကားဂိုဒေါင်အတွင်းမှ ရေတင်မော်တာ မိန်းခလုပ် မပိတ်မိရာမှ ဝိုင်ယာအပူလွန်ကဲ၍ မီးပွားများလွင့်စင်ကာ အောက်ခြေရှိ ဆိုင်ကယ် (၁) စီးနှင့် တာပေါ်လင် စများသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့်  Mark 2 အိမ်စီးယာဉ်(၁)စီး၊ RTK  အိမ်စီးယာဉ်(၁)စီး၊ Super Cup ဆိုင်ကယ်(၁)စီး၊ အိမ်တွင်း ပစ္စည်းများနှင့် ဂိုဒေါင်အနည်းငယ်၊ (၄၀၊ ၃၀၊ ၁၂)ပေရှိ သွပ်မိုး၊အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဦးစောလွင်(သ)၆၇နှစ်အား တန့်ဆည်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိသည်။

ထွန်းမြင့်အောင်(ရွှေဘို)