School Garden ဆောင်ရွက်ထားသည့် မြို့မ အ.ထ.က ကျောင်းခွဲအတွက် စိုက်ပျိုးရေးအထောက်အကူပြု ပစ္စည်းများပေးအပ်

ခန္တီး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မ အခြေခံပညာ အထက်တန်းကျောင်းခွဲ School Garden ကျောင်းဥယျာဉ်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ကျောင်းဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က School Garden ဆောင်ရွက် ထားခြင်းဖြင့် အနာဂတ်ခေါင်းဆောင်များဖြစ်သော ကျောင်းသား လူငယ်များအနေဖြင့် တိုင်းပြည်၏ စီးပွားရေး အခြေခံဖြစ်သည့် စိုက်ပျိုးရေးကို ငယ်စဉ်ကတည်းက ပိုမိုစိတ်ဝင်စားလာစေခြင်း၊ သန့်ရှင်းလတ်ဆပ်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးသည့် အလေ့အကျင့်ရရှိစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ခြင်း၊ ကျန်းမာရေး အထောက်အကူပြု ကိုယ်လက်လှုပ်ရှားမှု တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ကျောင်းပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေပြီး အမြင်တင့်တယ်စေခြင်းနှင့် အခြားကျောင်း များနှင့် လူမှုပတ်ဝန်းတွင် စံပြအဖြစ် ဖော်ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေလာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး စိုက်ပျိုးရေး အထောက် အကူပြု ပစ္စည်းများဖြစ်သည့် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်၊ ဆေးဖျန်းပုံးကြီး ပုံးသေးတစ်ပုံးစီ၊ ရေဖျန်းပုံးတစ်ပုံးနှင့် မျိုးစေ့များကို  မြို့မ အ.ထ.ကခွဲ ကျောင်းအုပ်ဆရာမထံ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမက ကျေးဇူးတင်စကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ Call Centre Card များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင် (ခန္တီး)