နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်နယ်)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တရီဖိုးခွီး-စောဖိုးခီးကျေးရွာ ချင်းဆက် မြေသားလမ်း(၃)မိုင်ဖောက်လုပ်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းရွာသစ်    ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေကျပ် (၁၁၀.၂၈၀)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းမှ တရီဖိုးခွီး-စောဖိုးခီးသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်မြေသားလမ်း (၃)မိုင်ကို စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါကျေးရွာချင်းဆက် မြေသားလမ်း(၃)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ လ(၄)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်၍ ပြီးစီးမှုအခြေအနေများကို လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုး မှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြား‌ ရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ် သည့် မြေသားလမ်းသုံးမိုင်ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသ တစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်း ဆက်သွယ် ရေးကောင်းမွန်လာခြင်းကြောင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိ တရီဖိုးခွီးကျေးရွာ၊ ဝါးမီးကလား ကျေးရွာ၊ ထီးဖိုးခီးကျေးရွာနှင့် စောဖိုးခီးကျေးရွာရှိ ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် တောင်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသထွက်ကုန်များအား အချိန်တိုအတွင်း တင်ပို့ရောင်းချ နိုင်ခြင်း ကြောင့် ဝင်ငွေမြင့်မားလာပြီး လူမှုစီးပွားများစွာ ယခင်က ထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းသိရှိရသည်။

ဇင်လေး(ပြန်/ဆက်)