လှိုင် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ၅ရပ်ကွက် အေးရိပ်မွန် (၅) လမ်း၌ ယခင်က ကြာသာပတေးနေ့များတွင် ဖွင့်လှစ် ရောင်းချခဲ့သော အော်ဂဲနစ်စျေးတန်းအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေချိန်များတွင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ အော်ဂဲနစ်စျေးတန်းသည် လှိုင်မြို့နယ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်း၊ ဖြူးမဟာစည်ရိပ်သာဘေးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မနက်(၆) နာရီခွဲမှ (၁၁)နာရီအထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျန်းမာရေးနှင့်အညီ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။
စျေးဆိုင်များ၌ အော်ဂဲနစ်၊ ဓါတုလွတ်၊ သဘာဝ၊ GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ သင်္ဘောသီး စသော လတ်ဆတ်သည့် အသီးအနှံများ၊ သဘာဝ စားသောက်ကုန်စ္စည်းများ၊ သဘာဝ လူသုံးကုန်ပစ္စည်းများကို ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပြီး ကျန်းမာရေးနှင့်အညီ အာဟာရပြည့်ဝစွာ စားသုံးနိုင်ကြရန် ပြန်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း စျေးရောင်းချသူများထံမှ သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)