လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၁၁
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် အတွက် (၂၀၂၀−၂၀၂၁) တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် အမှတ်(၁၃)ရပ်ကွက်ရှိ ဇင်ယော်လမ်းများ လမ်းအကျယ် ၁၈ ပေ အမြင့်ထု ၇ လက်မ ကွန်ကရစ်ခင်း ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း လမ်းသူလမ်းသားများမှ အသိပေးမှုကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လမ်းတံတားဆိုင်ရာ လုပ်ငန်း တာဝန်ခံအဖွဲ့မှ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေပြင်ကွင်ဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အမှတ်(၁၃)ရပ်ကွက် ဇင်ယော်လမ်း (ကျောင်းလမ်းနှင့် စစ်တွေလမ်းသွယ်ကြား) တွင် သတ်မှတ်သည့် အရည်းအသွေးများနှင့် ကိုက်ညီမှုမရှိသည့် လမ်းအပိုင်းအား အသစ်ပြန်လည် ကွန်ကရစ်ခင်း ဆောင်ရွက်ရန် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)