စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်သော အဆင့်မြင့် စက်မှုလယ်ယာများ ဖော်ထုတ်ရန်လိုအပ်

မုံရွာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လက်ရှိစိုက်ပျိုးလျက်ရှိသော သမရိုးကျ လယ်ယာမြေ စိုက်ပျိုးရေးစနစ်မှ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ် ကိုင်နိုင်သည့် အဆင့်မြင့် စက်မှုလယ်ယာမြေများနှင့် စိုက်ခင်းများ အရောက်ကုန်ထုတ်လမ်းများ  ဖော်ထုတ်လုပ်ကိုင်ရန် လိုအပ်နေသေး ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကို အများဆုံး စိုက်ပျိုးထုတ်လုပ်လျက် ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ရာ အဆင့်မြင့်စက်မှု လယ်ယာ ဖော်ထုတ်စိုက်ပျိုးခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းတို့ ကြောင့် လယ်ယာသုံး စက်ကိရိယာများ၏ စွမ်းအားများကိုအပြည့်အ၀ အသုံးချပြီး အချိန်ကိုက်စိုက်ပျိုးနိုင်ခြင်း၊ ထွက်ရှိ သီးနှံများကို ရိတ်သိမ်းပြီး အချိန်မီအမိုးအကာအောက် ရောက်ရှိ နိုင်ခြင်း၊ မိုးရေစုဆောင်းနိုင်ရေး ရေသွင်းရေထုတ် မြောင်းစနစ်များပါဝင်သဖြင့် စိုက်ပျိုးရေအလေ အလွင့်နည်းပါးခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်ကြောင်း သိရသည်။

“ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မူဝါဒတွေထဲမှာ အရေးကြီးဆုံးအနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေး ကဏ္ဍအနေနဲ့ရှိပါတယ်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲ ဘာရှိသလဲဆိုရင် မရှိပါဘူး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့သမရိုးကျ လယ်ယာစနစ်နဲ့သွားလို့မရဘူး စိုက်ပျိုးတဲ့ ဧရိယာအတွင်းကို လယ်ယာသုံးစက် ကိရိယာတွေ ဝင်နိုင်ဖို့လိုတယ်၊ အဲဒိအတွက် ကုန်ထုတ်လမ်းတွေလိုပါတယ်၊ ရေသွင်းရေထုတ်လုပ်ပေး ဖို့လိုတယ်၊ လယ်ယာကဏ္ဍ အောင်မြင်ရေး သည် အဓိကမိုးရေပဲပြောရမှာဖြစ်တယ်၊ မိုးရေကို စုဆောင်းနိုင်ဖို့ ရေသွင်းရေထုတ်မြောင်းတွေ လိုတယ်လို့ပြောရတာဖြစ်တယ်။ နောက်တစ်ခါ စစ်ကိုင်း တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ လယ်ယာမြေတွေက အဆင့်မြင့်စက်မှုလယ်ယာမြေတွေ မဟုတ်တဲ့အတွက် လယ်ကသင်းတွေကလည်း လူတစ်ယောက်လျောက်ဖို့တောင် ခက်ခဲတဲ့ အနေအထားဖြစ်တယ်၊ အခုလက်ရှိ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ အဆင့်မြင့်စက်မှု လယ်ယာမြေဆိုတာမရှိဘူးအခု အေအိုင်ပီပီ ကနေပြီးတော့ ရွှေဘိုခရိုင်သဖန်းဆိပ် ဆည်ရေ သောက် ဧရိယာအတွင်းမှာ လုပ်နေတဲ့ စနစ်ကျလယ်ယာ ဧက (၅၀၀၀)ရှိပါတယ်၊ နောက်တစ်ခါ တိုင်းဒေသကြီး၊ ပြည်ထောင်စုဘတ်ဂျက်တွေနဲ့ စက်မှုလယ်ယာဦးစီးဌာနက ဖော်ထုတ်နေတဲ့ စနစ်ကျလယ်ယာမြေ ထောင်ဂဏန်းလောက်ပဲ ရှိပါတယ်၊ ကုန်ထုတ်လမ်းသာရှိရင် အချိန်နဲ့က တပြေးညီစိုက်ပျိုးနိုင်မှာဖြစ်ပါ တယ်၊ မျိုးစေ့များကိုလည်းအချိန်နဲ့ တစ်ပြေးညီ စိုက်ခင်း အရောက်ပို့ပြီး စိုက်ပျိုး နိုင်မှာဖြစ်ပါတယ်၊ လယ်ယာထွက်ကုန်တွေကိုလည်း အချိန်အနည်းဆုံးနဲ့ သယ်ထုတ်နိုင်မှာ ဖြစ်ပါတယ် အဲဒါတွေကို ပြောင်းလဲပေးနိုင်မှ လယ်ယာကဏ္ဍက ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေဧကပေါင်းသိန်း(၅၀)ခန့်ရှိပြီး၊ ၎င်းဧကထဲမှ သီးထပ် သီးညှပ်စိုက် ဧကသိန်း(၄၀)ရှိသည့် အတွက် စိုက်ပျိုးနိုင်တဲ့ပမာဏသည် ဧကသိန်း(၉၀) ခန့်ရှိကြောင်း တိုင်းဒေသကြီး၏ စပါးစိုက်ဧကသည်(၁၈)သိန်းခန့်ရှိသဖြင့် အဆင့်မြင့်စက်မှု လယ်ယာများ အများအပြား ဖော်ထုတ်ပေးနိုင်ပါက တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်း ဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဝင်းဦး (ဇေယျာတိုင်း)