အင်းတော် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ နန်းကင်ကျေးရွာ တောင်သူ ဦးဆောင်း၏ လယ်ယာမြေကွက်တွင် သီးထပ်စိုက်ပျိုး ထားသော ဆောင်းသီးနှံ ကုလားပဲ စိုက်ခင်းအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က အင်းတော် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရ သည်။
မြို့နယ်အတွင်းရှိ ကုလားပဲစိုက်ခင်းနှင့် အခြားသီးနှံစိုက်ခင်းများအတွင်း ဓာတုသုံးစွဲမှု လျော့ချ နိုင်ရေး၊ သဘာဝ ပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနိုင်ရေး၊ သဘာဝပိုးသတ်ဆေး နှင့် သဘာဝဓာတ်မြေ ဩဇာများကို ဒေသခံတောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့ အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်း များက သက်ဆိုင်ရာနည်းပညာပေး စင်တာနယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးလာအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့စိုက်ပျိုးထားရှိသော စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေး အတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုး မျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များကို လေ့လာနိုင်ရန် သက်ဆိုင်ရာ နည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း အင်းတော်မြိုနယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့ကြောင်းသိရသည်။