ကြို့ပင်ကောက် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ လူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုသန်းထိုက်အောင်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်း တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်းက အခမ်းအနား တက်ရောက်လာကြ သော လူငယ်များအား အားပေးဂုဏ်ပြု စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်လူငယ်ရေးရာ ကော်မတီဝင် လူငယ်တစ်ဦးက ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းစဉ်များ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ပြီး ကော်မတီ၏ လုပ်ငန်းစဉ်များအတွက် အလှူငွေပံ့ပိုးပေးခဲ့သော အလှူရှင်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သော လူငယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် လူမှုရေးအသင်းအဖွဲ့ များ ထံမှ အကြံပြုအားပေးစကားများ ပြောကြားခြင်းကို မြို့နယ်လူငယ်ရေးရာကော်မတီမှ မှတ်တမ်းတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)