ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက်တွင် လျှပ်စစ်မိန်းခုံရှိ Change-Overအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဒဂုံမြောက် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က အမှတ်(၄၈)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ်(၄၇၈)ရှိ My Lotus စားသောက်ဆိုင်တွင် Change-Over အပူလွန်ကဲရာမှ မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ အမှတ်(၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်(၄၇၈)ရှိ ဦးသူရိန်အောင်၏ My Lotus  စားသောက်ဆိုင်အတွင်း မြေညီ ထပ်ရှိ (၅ × ၈) ပေ၊ လျှပ်စစ်မိန်းခန်းအတွင်း မီးလောင်နေကြောင်း သတင်းရရှိ သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်ဦးစီးသည့် မီးငြိမ်းသတ် ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပ မြို့နယ်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ် တပ်ဖွဲ့ ဝင်(၅၁)ဦးဖြင့်  မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းမှ လျှပ်စစ်မိန်းခုံရှိ Change-Over အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီး ဆုံးရှုံးမှုတန်ဖိုး တစ်သိန်း ငါးသောင်း ကျပ်ခန့်ရှိကြောင်း၊ မီးလောင်မှုကြောင့် စားသောက်ဆိုင်လုံခြုံရေး တာဝန် ကျသူအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)